တစ်စထက် တစ်စ ပိုမိုလမ်းပွင့်လာတဲ့ မြန်မာ့ Esports နဲ့ Mobile Game အလားအလာ
⚠️ First published in 2019. Some figures may be outdated.
Esports ဆိုတာ နိုင်ငံတကာမှာတော့ ခေတ်စားနေတာ အရမ်းကို ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းလောက်တည်းက Game တွေကို အပျော်တမ်းအနေနဲ့ Online ပြိုင်ပွဲတွေရော၊ Offline ပြိုင်ပွဲတွေရော ယှဉ်ပြိုင်ခဲ့ကြရင်းက ၂၀၁၀ ပြည့်နှစ်တွေလည်း ရောက်ရော Professional ပြိုင်ပွဲအဆင့်တွေထိ တဟုန်ထိုး တိုးတက်ခဲ့ပါတယ်။
Esports နဲ့ ဆက်စပ်တဲ့ တွေ့ရအများဆုံး ဗွီဒီယိုဂိမ်းအမျိုးအစားတွေကတော့ Real-time Strategy (RTS) ၊ First-person shooter (FPS) ၊ Fighting ၊ Multiplayer Online Battle Arena (MOBA) နဲ့ Battle Royale Games ဂိမ်းအမျိုးအစားတွေပဲ ဖြစ်ပါတယ်။
ဒီထဲကမှ MOBA ထဲမှာဆိုရင် League of Legends နဲ့ Dota 2 ၊ FPS မှာဆိုရင် Counter-Strike နဲ့ Call of Duty ၊ Tactical Shooters CrossFire နဲ့ Rainbow Six Siege ၊ Hero Shooter Overwatch ၊ Fighting Game ခေါင်းစဉ်မှာဆိုရင် Street Fighter ၊ Battle Royale Games တွေမှာဆိုရင် Player Unknown’s Battlegrounds (PUBG) နဲ့ Fortnite၊ Battle Royale နဲ့ RTS မှာဆိုရင် StarCraft စတာတွေ လူသိများကြပါတယ်။
မြန်မာနိုင်ငံမှာဆိုရင်လည်း ကျွန်တော်မှတ်မိသလောက် ၂၀၀၂၊ ၂၀၀၃ လောက်တည်းက Counter-Strike တွေ ပစ်ကြ၊ ၂၀၀၄၊၂၀၀၅ ဝန်းကျင်ရောက်တော့ Counter-Strike ၊ Dota စတာတွေကို ပြိုင်ပွဲတွေ လုပ်နေပါပြီ (ကျွန်တော်မှတ်မိသလောက်လို့ ပြောထားတဲ့အတွက် နှစ်နည်းနည်း အတိုးအလျှော့ ရှိနိုင်ပါတယ်)။ အဲဒီအချိန်တုန်းက ထမင်းမေ့ဟင်းမေ့ Counter ပစ်ကြတဲ့သူတွေဟာလည်း ခုဆိုရင် လူငယ်၊ လူလတ်ပိုင်းအရွယ်ကို ရောက်လာကြပါပြီ။

PC ခေတ်မှာ ဒီလို အဖွဲ့လိုက်ဆော့တဲ့ ဂိမ်းတွေကို မြန်မာလူငယ်တွေ မီးကုန်ယမ်းကုန်ကြဲခဲ့သလိုပဲ မြန်မာနိုင်ငံမှာ Mobile Phone တွေ ခေတ်စားလာပြီး အင်တာနက် Connection လည်း အရင်နှစ်တွေကထက် ပိုကောင်းလာတဲ့ ဒီဘက်နှစ်တွေတော့ လူငယ်တွေဟာ Mobile Game တွေကို စွဲစွဲလမ်းလမ်းရူးရူးသွပ်သွပ်ဆော့လာကြပါတယ်။
နိုင်ငံတကာမှာတော့ ၂၀၁၇ ခုနှစ်က ထွက်ရှိလာခဲ့တဲ့ Fortnite လို ဂိမ်းမျိုးကို ရူးရူးမူးမူးဆော့ကြသလို မြန်မာနိုင်ငံမှာတော့ Mobile Game ထဲမှာ လတ်တလော အဆော့များတာ PlayerUnknown’s Battlegrounds (PUBG) ရဲ့ Mobile Version ၊ MOBA ဂိမ်းတစ်ခုဖြစ်တဲ့ Moblie Legends : Bang Bang၊ Hero Evolved စတာတွေ ခေတ်စားနေပါတယ်။

PUBG ဟာလည်း ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပြီး အစက PC Version ထွက်ရှိကာ နောက်ပိုင်းမှာတော့ Xbox အတွက်ရော Android နဲ့ iOS အတွက်ပါ ၂၀၁၈ ခုနှစ်အတွင်း ထွက်ရှိလာပါတယ်။ Battle Royale ဂိမ်းအမျိုးအစားမှာတော့ Review ကောင်းတွေ ရထားတဲ့ ဂိမ်းဖြစ်ပြီး ၂၀၁၈ ခုနှစ် မေလရဲ့ စာရင်းအရ တစ်နေ့ကို PUBG Mobile မှာ Active Player ၁၀ သန်းလောက် ရှိနေပါတယ်တဲ့။
မြန်မာနိုင်ငံမှာလည်း PUBG ကို PC ရော ၊ Mobile Version ပါ ကျွမ်းကျွမ်းကျင်ကျင်ဆော့တတ်တဲ့ Player တွေ အများကြီး ရှိပြီးတော့ တချို့ဆို Live Streaming တောင် လုပ်ပြီး ဖျော်ဖြေရေးပုံစံဆော့ပြတာတောင် ရှိပါတယ်။ ဥပမာပြောရရင် PUBG မှာဆိုရင် Tzafelix ၊ AKgoLive ၊ APCGaming နဲ့ Ko Pyae Gaming တို့ဆိုရင် ဆော့တဲ့အချိန်တိုင်း Facebook မှာ Streaming လုပ်ပြီး ဆော့ပြလေ့ရှိပါတယ်။

သိပ်မကြာသေးခင် ဒီဇင်ဘာ ၂၀၁၈ ကလည်း Huawei New Year Championship 2018 ဆိုတဲ့ PUBG Mobile Game ပွဲကြီး ပြုလုပ်ခဲ့ပြီး OG Stars အဖွဲ့က ချန်ပီယံဆု ဒေါ်လာ ၃၀၀၀ ဆွတ်ခူးရရှိဖူးပါတယ်။
Mobile Legends မှာဆိုရင်လည်း Moblie Legends Professional League (MPL) ဆိုပြီး လုပ်ပေးနေတာ အခုဆိုရင် Season 1 ပြီးလို့ Season 2 တောင် ရောက်ရှိလာပါတော့မယ်။ Mobile Legends Southeast Asia Cup 2018 (MSC 2018) မှာဆိုရင်လည်း Burmese Ghouls အဖွဲ့ဟာ Qualifier အနေနဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ MPL Season 1 ရဲ့ Champion လည်း ဖြစ်ခဲ့တဲ့ Burmese Ghouls အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်း Blank ကတော့ မြန်မာနိုင်ငံရဲ့ Esports အလားအလာနဲ့ Pro Player တစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်တယ်ဆိုတဲ့ သူ့အမြင်ကို ခုလို ပြောပြခဲ့ပါတယ်။ “Game ကို ကျွန်တော် 4 တန်းကျောင်းသား ထဲက စဆော့ခဲ့တာပါဗျ။ ကျွန်တော် ML ကို စဆော့ ဖြစ်ခဲ့တာ 2017 March လ လောက်က စဆော့ ဖြစ်ခဲ့တာပါ။ MSC 2018 အတွေ့အကြုံဆိုရင်တော့ တခြားပြိုင်ပွဲတွေနဲ့ လဲမတူဘူး ပြီးတော့ သူများနိုင်ငံမှာ သွားပြိုင်ရတာ လည်း ဖြစ်တာကြောင့် အတွေကြုံ ကောင်းတွေတော့ တော်တော်ရခဲ့ပါတယ် ပြိုင်ဘက် တွေ ဘယ်လောက်ထိ တိုးတက်နေပြီလဲ သူတို့ ဘယ်လိုတွေ တောင် ဆော့နိုင်နေပြီလဲ ကိုယ်တွေမြန်မာအနေနဲ့ ဘယ်လောက်ထိကြိုးစားဖို့လိုနေလဲစသည်ဖြင့်ပေါ့။”

“Pro player တစ်ယောက် ဖြစ်ဖို့က ပထမဆုံးအနေနဲ့ Game နဲ့ပတ်သတ်ပြီး Sense ရှိဖို့လိုပါတယ်။ တစ်ကယ်လို့ pro တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ကိုယ့်ဘက်ကလဲ ဒီဂိမ်းကို သေချာ ဆော့ချင်စိတ်ရှိရမယ်။ ရည်မှန်းချက်ထားပြီး အာရုံ စူးစိုက်နိုင်ရမယ်။ အသင်းရဲ့ အဓိက Drafter ရဲ့ Draft pick တွေကိုယုံကြည်မှုရှိရမယ်။ သူ Draft တဲ့အတိုင်းလိုက်ဆော့နိုင်ရမယ်။ တစ်ကိုယ်ကောင်းဆန်လို့မရဘူး။Teamwork ရှိရမယ်။ တစ်ဖက်အသင်းကို အထင်သေးစိတ်မရှိရဘူး အောက်ခြေလွတ်သွားလို့မရဘူး။ အဲ့လိုအချက်တွေ လိုက်နာပြီး ကောင်းကောင်းလိုက်လုပ်နိုင်ရင် Pro တစ်ယောက်ဖြစ်လာနိုင်ပါတယ်။ နောက်တစ်ခုအရေးကြီးတာက စိတ်ဓါတ်ပါပဲ။ Pro ပီသတဲ့စိတ်ဓါတ်ရှိဖို့က အရမ်းအရေးကြီးပါတယ်။စိတ်ဓာတ်မကောင်းရင် အလကားပဲပေါ့ ။”
“မြန်မာနိုင်ငံရဲ့ Esports အလားအလာဆိုရင် ကျွန်တော့ အမြင်ဆိုရင်တော့ တိုးတက်လာတယ် ပဲ ပြောရမှာပေါ့။ အခုဆို အများကြီး တိုးတက်လာတယ်။ နောက်လဲ တိုးတက်လာနိုင် သေးတယ်လို့ပဲ မြင်မိပါတယ်။ နိုင်ငံ တစ်ကာပွဲတွေက တော့ ကျွန်တော်က ကျောင်းတစ်ဖက်နဲ့မို့ အခြေအနေအရ အခွင့်အရေးရှိရင် ရှိသလို ကြိုးစားယှဉ်ပြိုင်သွားပါ့မယ်ခင်ဗျ ။ MPL season 2 မှာတော့ ကျွန်တော် Team illusion နဲ့ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်” လို့ ပြည့်ပြည့်စုံစုံ ဖြေကြားပေးခဲ့ပါတယ်။
လာမယ့် ဖိလစ်ပိုင် SEA Game မှာလည်း Esports ကို Medal Event အနေနဲ့ ပြိုင်ပွဲကျင်းပပေးမှာ ဖြစ်ပြီး PC Platform အတွက် Dota 2 နဲ့ Starcraft 2 ၊ Console အတွက် Tekken 7 နဲ့ NBA 2k နဲ့ Mobile Platform အတွက် Arena of Valor နဲ့ Mobile Legends ကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ကတော့ မြန်မာနိုင်ငံ Esports အဖွဲ့ချုပ် ဖွဲ့စည်းဖို့ ကိစ္စတွေရှိသေးတဲ့အတွက် မြန်မာနိုင်ငံကိုယ်စားပြုဝင်ပြိုင်ဖြစ် မဖြစ် ဂဏန်းမငြိမ်သေးဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် Esports လို့ ခေါ်တဲ့ Electronic Sports ဟာတော့ တိုးတက်လာတဲ့ နည်းပညာတွေနဲ့ အတူ မြန်မာလူငယ်လေးတွေရဲ့ အနာဂတ်မှာ ပိုပြီး ထွန်းလင်းတောက်ပဖို့ပဲ ရှိနေပါတော့တယ်။
Anna is a journalist specializing in Myanmar's media landscape, digital rights, and internet freedom. She has closely followed the military junta's systematic censorship of online information since the 2021 coup.