Internet in Myanmar
⚠️ First published in 2019. Some figures may be outdated.

ယနေ့ခေတ်လူထုအတွက် ပိုအသုံးဝင်လာသော အစားအသောက်အိမ်အရောက်ပို့ဝန်ဆောင်မှုများ

By Anna · · 16 min read

⚠️ First published in 2019. Some figures may be outdated.

ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ လူတွေဟာ ယာဉ်ကြောပိတ်ဆို့မှုဒဏ်၊ အချိန်ရှားမှုဒဏ်ကြောင့် တစ်ခါတစ်ခါ အပြင်ထွက်ရမှာကို သိပ်ကြောက်ကြပါတယ်။ အဲဒီတော့ ရုံးသမားတွေဟာလည်း ရုံးနဲ့ နီးတဲ့ ဆိုင်မှာပဲ နေ့လယ်စာကို အဆင်ပြေသလို ဖြေရှင်း၊ အိမ်မှာ နေတဲ့သူတွေဟာလည်း ထမင်းဟင်းမချက်နိုင်တဲ့ အခါမျိုးမှာ ဖြစ်ဖြစ်၊ သွားရေစာတစ်ခုခု စားချင်တာတောင်မှ အချိန်မမီမှာကြောက်လို့ အနားပတ်ဝန်းကျင်က ဆိုင်တွေကနေပဲ ကောင်းလည်း စား၊ မကောင်းလည်း စား လုပ်နေကြရတာ ကြာပါပြီ။ ခုတော့ Food Delivery Services တွေ အခြေကျလာခဲ့ပါပြီ။

ဒီဘက်နှစ်ပိုင်းတွေမှာတော့ အစားအသောက်အိမ်အရောက်ပို့ ဝန်ဆောင်မှုတွေ အားကောင်းလာပြီး ပိုက်ဆံနည်းနည်းပိုအကုန်ခံရုံနဲ့ စားချင်တာကို ထိုင်ရာမထ မှာစားနိုင်နေပြီ ဖြစ်ပါတယ်။ တကိုယ်တည်းသမားတွေအတွက် ဈေးနည်းနည်းများနိုင်ပေမယ့် လူစုပြီးမှာစားရင်တော့ မဆိုးဘူး ပြောရမှာ ဖြစ်ပါတယ်။

ဒါဆိုရင် ဘယ် Food Delivery Service တွေက ဘယ်လို ရှိပြီး ဘယ်လိုတွေ မှာယူလို့ ရတယ်ဆိုတာ ကျွန်တော့်ရဲ့ အတွေ့အကြုံအနေနဲ့ ပြောပြချင်ပါတယ်။ (ကိုယ်တိုင်မှာယူစားသုံးတဲ့ အတွေ့အကြုံပေါ် ပြောထားတာမို့ တချို့အချက်တွေ သူတို့ ဖော်ပြထားသလောက် မပြည့်စုံပဲလည်း ဖြစ်နိုင်ပါတယ်။)

Food Delivery Service မှာတော့ လုပ်ငန်းကြီးနဲ့ ဒီနယ်ပယ်ကို ခြေချထားခဲ့တဲ့ လုပ်ငန်းတွေဆိုရင် Yangon Door2Door နဲ့ Food2u တို့ ရှိနေပါတယ်။

Yangon Door2Door

Yangondoor2door

Yangon Door2Door က သူတို့ Website ဖြစ်တဲ့ www.yangond2d.com ကနေ မှာလို့ ရသလို App ကနေလည်း မှာလို့ ရပါတယ်။ App ဆိုရင်တော့ Android အတွက်ရော၊ iOS အတွက်ရော ရှိနေပါတယ်။ သူတို့ရဲ့ Food Delivery Services ကို စက်ဘီးတွေနဲ့ လိုက်ပို့ပါတယ်။

App မှာတော့ စဝင်ရင် Facebook နဲ့ Log In လုပ်လို့ ရသလို Email နဲ့လည်း Register လုပ်လို့ ရပါတယ်။ Website မှာလည်း တူတူပါပဲ။ Website မှာဆိုရင်တော့ အရင်ဆုံး မြို့နယ် ရွေးရမှာပါ။ ပြီးရင်တော့ ဆိုင်ရွေးချယ်ပြီး Order တင်ရုံပါပဲ။ ဆိုင်တစ်ခုချင်းစီအတွက် Delivery Charges တွေပါ ဖော်ပြထားပြီး ကျပ် ၁၅၀၀ လောက်ကနေ ပန်းဆိုင်တွေဆိုရင် ကျပ် ၁၀,၀၀၀ လောက်အထိ ကောက်တာ တွေ့ရပါတယ်။

တချို့ဆိုင်တွေကိုတော့ ပမာဏသတ်မှတ်ပြီး ဘယ်လောက်ဖိုးအနည်းဆုံးဝယ်ရင် Delivery Free ဆိုပြီး ပေးထားလေ့ရှိပါတယ်။ Order မှာရင် မှာချင်တဲ့ အမျိုးအမည်ကိုရွေး၊ မြို့နယ်နဲ့ လိပ်စာထည့်ပြီးရင် နေ့စွဲနဲ့ အချိန်ရွေးပေးရပါမယ်။ Order Confirmed ဖြစ်သွားပြီဆိုရင်တော့ Yangon door2door ဘက်ကနေ ဖုန်းဆက်ပြီး ထပ် Confirm ပါလိ့မ်မယ်။

အချိန်အနေနဲ့ဆိုရင်တော့ ခရီးအနီးအဝေးကိုလိုက်ပြီး မိနစ် ၄၀၊ ၄၅ မိနစ်လောက်ကနေ ၁နာရီလောက်ထိ ကြာတတ်ပါတယ်။ သယ်တာဆောင်တာ အဆင်ပြေပြီး မှောက်တာ ဖိတ်တာ တွေ့ရခဲပါတယ်။ အားသာချက်က Yangon door2door က ဆိုင်ပိုစုံတဲ့အတွက် ရွေးစရာများပါတယ်။ သတ်မှတ်ထားတဲ့ ပမာဏတစ်ခုဝယ်ရင် Free Delivery ရှိတာကိုလည်း သဘောကျပါတယ်။ အားနည်းချက်ကတော့ Charges နည်းနည်းများတာကိုပါပဲ။

Yangon door2door Website မှာ ပန်းစည်းဝန်ဆောင်မှုပါ တွေ့ပြီးဒါကိုတော့ တစ်ခါမှ အသုံးမပြုဖူးတဲ့အတွက် ဘယ်လို လာမလဲ မသိပါဘူး။ ဒါပေမယ့် Door to Door Delivery မှာ ပန်းစည်းဝန်ဆောင်မှုပါ ပါတဲ့အတွက် စိတ်ကူးတော့ သဘောကျစရာပါ။

Yangon door2door အပြင် မန္တလေးအတွက်လည်း မန္တလေး door2door www.mandalayd2d.com ရှိတဲ့အတွက် မန်းလေးသူ၊ မန်းလေးသားတွေအတွက်လည်း အဆင်ပြေစေမှာ ဖြစ်ပါတယ်။

Food2u

Food2u

Food2u ဟာလည်း Yangon door2door လို Website ဖြစ်တဲ့ www.food2u.com.mm ကနေ မှာလို့ ရပါတယ်။ Android အတွက် App လည်း ရှိပေမယ့် လက်ရှိ ကျွန်တော် စာရေးနေတဲ့အချိန်မှာတော့ App က Link သေနေတယ်လို့ ဆိုပါတယ်။ ဒီတော့ Web က မှာတဲ့ အကြောင်းပဲ ဆက်ပြောပါ့မယ်။

Website စဖွင့်ဖွင့်ချင်းပဲ ကိုယ့်မြို့နယ်ကို ရွေးပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ကိုယ့်မြို့နယ်အလိုက် ဘယ်ဆိုင်တွေရလဲဆိုတာ ဖော်ပြပေးထားပါတယ်။ Food2u ဟာလည်း Yangon door2door လိုပဲ တချို့ဆိုင်တွေမှာ ၁၀,၀၀၀ ဖိုးမှာလိုက်ရင် ပို့ခ Free ရမှာဖြစ်ပြီး ၁၀,၀၀၀ ဖိုးအောက်ဆိုရင်တော့ Charges တစ်ခုပေးရမှာ ဖြစ်ပါတယ်။

Charges ကို ကျွန်တော်တွေ့တာတော့ ၁,၀၀၀ ကျပ်ကနေ ၃,၀၀၀ ကျပ်လောက်အထိဆိုတော့ ဈေးမဆိုးဘူးဆိုရမှာပါ။ Food2u Service ဟာလည်း မန္တလေး၊ နေပြည်တော်နဲ့ တောင်ကြီးရဲ့ သတ်မှတ်ထားတဲ့ မြို့နယ်တွေမှာ ရတာလည်း တွေ့ရပါတယ်။

မြို့နယ်ရွေး၊ ဆိုင်ရွေး၊ ပြီးရင် အစားအစာရွေးပြီးလို့ ကိုယ့်လိပ်စာတွေ ထည့်ပြီးပြီဆိုရင်တော့ SMS ပို့ပြီး Confirm လုပ်သလို ဖုန်းလည်း တစ်ခါတလေဆက်ပြီး Confirm လုပ်ပါတယ်။ လာပို့တဲ့ ကြာချိန်က ၄၅ မိနစ်လောက် ရှိပြီး ဝန်ဆောင်မှုဆက်ဆံရေးကလည်း အဆင်ပြေပါတယ်။

Food2u ရဲ့ ကောင်းတဲ့အချက်က သင့်တော်တဲ့ ဈေးနှုန်းရှိတာ ဖြစ်ပြီး အဆင်မပြေတဲ့အချက်က App တွေ အဆင်မပြေသေးတာပဲ ဖြစ်ပါတယ်။ Web ကနေ မှာလို့ အဆင်မပြေရင် Facebook Page ကနေလည်း မှာနိုင်ပါတယ်။

Deliverink

Deliverink

Deliverink နဲ့ The Pizza Company က Pizza မှာစားလို့ရပါတယ်။ အဖိုးအခအနေနဲ့ အနည်းဆုံး ကျပ် ၅,၀၀၀ ကနေမှာစားလို့ ရပါတယ်။ မှာတာတော့ Android မှာ App ရှိသလို iPhone နဲ့ PC တွေအတွက် https://deliverink.net/mobile ဆိုတဲ့ Link မှာ မှာလို့ ရမှာ ဖြစ်ပါတယ်။ ကျွန်တော်စမ်းကြည့်ရသလောက်တော့ PC မှာ သုံးရတဲ့ အတွေ့အကြုံက သိပ်တော့ အဆင်မပြေဘူး ဖြစ်နေပါတယ်။ ဒါပေမယ့် ဖုန်း Call နဲ့ ရော သူတို့ရဲ့ Facebook Page ကပါ မှာလို့ ရလောက်ပါတယ်။ App က မှာတဲ့ ပုံစံကတော့ အဆင်ပြေပါတယ်။

Deliverink မှာလည်း ဆိုင်အတော်များများစုံတဲ့အတွက် မှာယူသုံးဆောင်ဖို့ အဆင်ပြေတယ်လို့ ပြောပါရစေ။

Freshgora

Freshgora

Freshgora Food Delivery Service ဟာလည်း Android အတွက်ရော၊ iOS အတွက်ရော App ရှိနေပါတယ်။ လက်ရှိ စမ်းကြည့်တဲ့အခါမှာတော့ Log In လုပ်တဲ့နေရာမှာ ဘာလို့မှန်းမသိ Login Failed ခဏခဏ ဖြစ်နေပါတယ်ဗျ။ ဒါနဲ့ ကျွန်တော် PC နဲ့ Browser ကနေ www.freshgora.com ကို ဝင်ပြီး စမ်းကြည့်တဲ့အခါမှာလည်း Sign Up လုပ်တဲ့နေရာမှာ ဖုန်းကို Code ပြန်မပေးတာ တွေ့ရပါတယ်။

သူ့ဆီမှာလည်း Free Delivery တွေ များပြီး ပို့ခဈေးနှုန်းတွေကတော့ ကျပ် ၁,၅၀၀ ကနေ ၂,၈၀၀ လောက်အထိ တွေ့ရပါတယ်။ သူကလည်း တခြား Delivery Service တွေလိုပဲ ဝင်ဝင်ချင်းမှာ မြို့နယ်ရွေးပြီး ဘယ်ဆိုင်တွေ ရမလဲ ကြည့်ရတာပါ။ မှာဖို့ အဆင်မပြေသေးတဲ့အတွက် မှာတဲ့ အတွေ့အကြုံမရေးပေးနိုင်တာတော့ နားလည်ပေးပါခင်ဗျာ။

Jozrin Food Delivery

Jozrin Food Delivery

Jozrin ဇိုရင်းကတော့ လက်ရှိမှာ Facebook Page ရယ်၊ ဖုန်းနဲ့ Website ကနေ Order မှာလို့ ရပါတယ်။ မှာတဲ့ဆိုင်နဲ့ Order လက်ခံယူမယ့်နေရာ အကွာအဝေး 8 km အတွင်းမှာ ရှိတယ်ဆိုရင် Delivery ခ ၂၀၀၀ ကျပ်ပဲ ကျသင့်မှာ ဖြစ်ပါတယ်။ မှာယူနိုင်တဲ့ အချိန်ကတော့ အကန့်အသတ်ကတော့ မနက် ၉ နာရီကနေ ညနေ ၆ နာရီအတွင်း ဖြစ်ပြီး Page မှာ ဖော်ပြထားတဲ့ ချိတ်ထားတဲ့ ဆိုင်တွေကတော့ နည်းနည်း နည်းပါတယ်။

ဒါပေမယ့် အမှာများတဲ့ ဆိုင်တွေ ဖြစ်တဲ့အတွက် မဆိုးဘူးလို့ ပြောလို့ ရပါတယ်။ ကြာချိန်လည်း ၄၅ မိနစ်လောက်ပဲ ရှိပြီး အဆင်ပြေပြီး ဆက်ဆံရေးလည်း ကောင်းမွန်ပါတယ်။

ဒါတွေကတော့ ကျွန်တော်သိသလောက် Food Delivery Service တွေနဲ့ သူတို့ရဲ့ အားသာချက် အားနည်းချက်တွေကို ယှဉ်ပြပေးတာ ဖြစ်ပါတယ်။ စာဖတ်သူတွေနဲ့ သဘောချင်း ညီတာ ရှိသလို မညီတာလည်း ရှိမှာ ဖြစ်တဲ့အတွက် ထင်မြင်ယူဆချက်တွေကို Comment Box မှာ ပြောသွားလို့ ရပါတယ်ဗျ။

Sam

www.internetinmyanmar.com

AF

Anna is a journalist specializing in Myanmar's media landscape, digital rights, and internet freedom. She has closely followed the military junta's systematic censorship of online information since the 2021 coup.